SRV Community Center
မိမိတို့သည် စေတီပုထိုးများ ကျောင်းကန်ဘုရားများဖြင့် မြင့်မြင့်မားမား ၀င့်ဝင့်ကြွားကြွား တည်ရှိသော အမိမြန်မာနိုင်ငံကြီးတွင် ကြီးပြင်း လူလားမြောက်ခဲ့ကြသည်။ တိုင်းတစ်ပါးသို့ ရောက်နေကြသော်လည်း မြန်မာ့ရှုခင်းနှင့် မြန်မာ့စိတ်ရင်းကို လွမ်းတသသဖြင့် ဆုပ်ကိုင်ထားမြဲရှိကြပါသည်။ မိမိတို့ နေထိုင်ကြရာ မြို့ပြတို့တွင်လည်း ဘုန်းတော်ကြီးကျောင်းများ မဖြစ်မနေတည်ထောင်ခြင်း၊ စေတီပုထိုးများ တည်ထား ကိုးကွယ်ခွင့် ရရန်နှင့် ဗုဒ္ဓဘာသာ စင်တာများ တည်ထောင်ခွင့်ရရန် ကြိုးစားကြခြင်းဖြင့် မြန်မာ့ပုံရိပ်ကို ထင်ဟပ်ပေါ်လွင်စေ၍ မြန်မာပြည်ပုံသဏ္ဍာန် ဖန်ဆင်း တည်ဆောက်နေကြပါသည်။ အလွမ်းလည်းပြေ၊ ကုသိုလ်စေတနာလည်းတိုး၊ ဘာသာရေး အမွေအနှစ်များ သားစဉ်မြေးဆက် ပေးအပ်ခဲ့ဖို့လည်း မျှော်ကိုး ရည်သန်လျက် ရှိကြပါသည်။
ဤဆန္ဒ စေတနာမွန်တို့ကြောင့်ပင် သာသနရံသီ ဆရာတော်နှင့် တကာ တကာမများသည် လန်ဒန်မြို့တွင် သာသနရံသီ ဗုဒ္ဓစင်တာကြီး တည်ဆောက်ရန် စိုင်းပြင်းအားထုတ်နေကြခြင်းဖြစ်ပါသည်။ ဗုဒ္ဓစင်တာကြီး တည်ဆောက်ပြီးစီးပါက မိမိတို့၏ ဘာသာရေး အခမ်းအနားများ၊ ယဉ်ကျေးမှု အခမ်းအနားများ ဆောင်ရွက် နိုင်မည်ဖြစ်သည့်အပြင်၊ မိမိတို့၏ ရင်သွေးငယ်များအတွက် ဆန်းဒေး စကူးလ်များ၊ အဘိဓမ္မာ သင်တန်းများ၊ ဗုဒ္ဓဘာသာ အခြေခံသင်တန်းများ၊ ၀ိပဿနာစခန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။
သို့ပါ၍ ဗြိတိန်နှင့် ဥရောပနိုင်ငံအသီးသီးရှိ ဗုဒ္ဓဘာသာသူတော်စင်တို့သည် ဤ သာသနရံသီ ဗုဒ္ဓစင်တာကြီး ငွါးငွါးစွင့်စွင့် ကြွားကြွားဝင့်ဝင့် ပေါ်ထွန်းလာစေရေးအတွက် ကုသိုလ်ယူပါဝင်လှူဒါန်းကြပါရန် တိုက်တွန်း နိုးဆော် အပ်ပါသည်။
လှူဒါန်းရန် အစီအစဉ်
သာသနရံသီ ဗုဒ္ဓစင်တာကြီး တည်ထောင်ရန် အလှူငွေများ အောက်ပါအစီအစဉ်အတိုင်း မပင်မပန်းလှူဒါန်းနိုင် ပါသည်။
က။ အလှူရှင် ကျောင်းတကာ ကျောင်းအမများသည် မြေတကွက်အတွက် ( ပေါင်စတာလင် ၅၀၀) လှူဒါန်းလိုလျှင်
တစ်လလျှင် (၂၅) ပေါင်နှုန်းဖြင့် လပေါင်း ၂၀ လအတွက် = £ ၅၀၀
တစ်လလျှင် (၅၀) ပေါင်နှုန်းဖြင့် လပေါင်း ၁၀ လအတွက် = £ ၅၀၀
တစ်လလျှင် (၁၀၀) ပေါင်နှုန်းဖြင့် လပေါင်း ၅ လအတွက် = £ ၅၀၀ တို့လည်းကောင်း အသီးသီး မိမိတို့ကြိုက်နှစ်သက်သလို သက်သောင့် သက်သာရွေးချယ်လှူဒါန်းနိုင်ပါသည်။
ခ။ အလှူရှင် ကျောင်းတကာ တကာမများသည် လှူဒါန်းလိုသည့် အလှူငွေများကို ဘဏ်သို့ တိုက်ရိုက်ဖြစ်စေ၊ ချက်ဖြင့်ဖြစ်စေ၊ cash ဖြစ်စေ လွယ်ကူ အဆင်ပြေသလိုလှူဒါန်းနိုင်ပါသည်။
ဂ။ မိမိတို့ လှူဒါန်းပြီးသော ပမာဏသိရှိစေရန် ကျောင်းဖြစ်မြောက်ရေး ကော်မီတီက အမြဲမပြတ် အသိပေး နေမည်ဖြစ်ပါသည်။
ဃ။ အလှူရှင်ကျောင်းဒါယိကာ ဒါယိကာမများသည် အောက်ပါ ဌာနများသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
၁။ သာသနရံသီဝိဟာရ ( Ph : 020 8205 0221 )
၂။ ဒေါက်တာဝင်းနိုင် ( Ph : 077 8556 8154 )
၃။ ကိုအောင် ( Ph : 077 6209 4562 )
၎။ ကိုကောင်းဇံ ( Ph : 079 3114 8668 )
သုံးတန်စေတနာ၊ ညီညွတ်စွာဖြင့်၊ သာသနိက၊ ၀ိဟာရကျောင်း၊ တန်ဆောင်းအလှူ၊ ဆောက်လှူသူတို့၊ ကြီးထူကဲဝှန်၊ ကျိုးရဟန်ကို၊ ကျမ်းဂန်ထောင့်ချင့်၊ နိဒါန်းဖွင့်သော် – - -
နတ်နှင့်လူနှယ်၊ သန္ဓေတွယ်၍၊ စိတ်ဝယ်တောင်းတ၊ ဆောင်အုံရ၏၊ မထကြက်သီး၊ ကိုယ်လည်းမလှုပ်၊ ကြောက်ရုပ်မထင်၊ ထိတ်လန့်စင်၏၊ ခြင်္သေ့ သစ် ကျား၊ သားရဲများနှင့်၊ ဖမ်းစားကလူ၊ နှိပ်စက်မူသား၊ တောသူ ဘုတ်ပြိတ်၊ အဆိပ်ထန်ပြင်း၊ မြွေနှင့်ကင်းက၊ အဆင်းဖောက်ပြန်၊ ကုမ္ဘဏ် ရက္ခိုသ်၊ နတ်မိုက်ရန်ပေါင်း၊ ဘေးလွတ်ရှောင်း၏၊ မကောင်းအိပ်မက်၊ မမြင်မက်ဘူး၊ ထင်လျက်သတိ၊ မြဲခိုင်ဘိ၍၊ ၀ိပရိဏံ၊ ဖောက်ပြန်စိတ်ရင်း၊ ရူးသွပ်ခြင်းမှ၊ ရှင်းရှင်းလွတ်ရှောင်း၊ ကျိုးဆက်ကောင်း၏၊ နောက်နှောင်းဘ၀၊ ပစ္ဆိမ၀ယ်၊ ဂုဏကဲပို၊ အရဟတ္တဖိုလ်ဟု၊ ထိုထိုကျေးဇူး၊ လွန်ပြန့်ပြူးသည်၊ ဆောက်ဦးလှူကျိုး၊ ခုနစ်တည်း။









Recent Comments