သာသနရံသီအကြောင်း

၁၉၉၅ ခုနှစ်မှာ ကျောင်းဆောင်သစ်တစ်ကျောင်း တည်ထောင်ဖို့ရန် မိမိနှင့်တကွ ဒါယကာကြီး ဦးစိန်ထွန်းအောင် ဒေါ်လှလှစတဲ့ ဒါယကာ ဒါယိကာများ အစည်းအဝေးလုပ်ခဲ့ကြသည်။

ဒါယကာကြီး ဦးစိန်ထွန်းအောင်က ကျောင်းသစ်အတွက် သက်ဆိုင်ရာ စာရွက်စာတမ်းများကို ပြုစုပေးသည်။ Charity Commissioner မှာ မှတ်ပုံတင်ဖို့ သာသနာရံသီ ၀ိဟာရ (မြတ်စွာဘုရား၏ အဆုံးအမ တည်းဟူသော အလင်းရောင် သို့မဟုတ် သာသနာ့အလင်းရောင် ကျောင်းတိုက်) ဟူသော အမည်ကို မိမိကပေးလိုက်သည်။ အမှောင်ကိုကြိုက်သော သူများကို ဖြိုခွင်းနိုင်ရန်မှာ အလင်းရောင်ရှိမှသာဖြစ်မည်။ နောက်တစ်ခုက အလင်းရောင်သည် အမှောင်ကြိုက်သူကိုရော အမှောင်မကြိုက်သူကိုပါ အမှန်လမ်းသို့ ရောက်အောင် ပို့ပေးတတ်သော သတ္တိရှိလေသည်။ ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား၏ အဆုံးအမများသည် အမှတ်တရားကို ကြိုက်သောသူများနှင့် မကြိုက်သူများကိုပါ မျက်နှာကြီးငယ်မရွေး အသိမှန်အမြင်မှန်ရဖို့အတွက် အလင်းရောင်စွမ်းအားကို အချိန်မရွေး ပေးလေ့ရှိသည်။ မှတ်ပုံတင်နံပါတ်ရပြီး သာသနရံသီ ၀ိဟာရ ကျောင်းသစ်ဖြစ်မြောက်ရေးအတွက် ၁၉၉၅ခုနှစ်ကတည်းက မိမိနှင့်အတူ ဒါယကာကြီး ဦးစိန်ထွန်းအောင်၊ ဒါယိကာမကြီး ဒေါ်လှလှစတဲ့ ဒါယကာ ဒါယိကာမတို့ လန်ဒန်မြို့ရဲ့ အရှေ့ဖက် နှင့် အရှေ့တောင်ဖက်ရှိ Church ကျောင်းအဟောင်းများကို လိုက်လံရှာဖွေခဲ့ကြသည်။ အဲဒီအချိန်က တွေ့သာတွေ့၍ ငွေကြေးမတတ်နိုင်မှုကြောင့် လက်လွတ်ခဲ့ရသည်များလည်း ရှိခဲ့သည်။

နှစ်အတန်ကြာလာသည်နှင့်အမျှ ကျောင်းသစ်ရှာဖွေရေးမှာ ပို၍ခက်ခဲလာတော့သည်။ အဆိုးထဲမှ အကောင်းဆိုသလို ၂၀၀၁ ခုနှစ် ရောက်တော့ ကျောင်းသစ်ဖြစ်ဖို့ရန်လမ်းစ ပေါ်လာသည်။ ကူညီမည့် ဒါယကာတစ်ယောက်နှင့်တွေ့၍ ကျောင်းဆောက်ဖို့ နေရာရှာရင်း တနှစ်နီးပါးခန့်ကြာခဲ့သည်။ ကျောင်းက ပေါင် တသန်းလောက် ကုန်ကျမည့် Project ဖြစ်နေသည်မို့ ဂေါပက အစည်းအဝေးတွေလုပ်ရင်း စောင့်ဆိုင်းနေခဲ့သည်။ ကျောင်းသစ်ကြီးတွင် ပူဇော်ဖို့ရန် ဘုရားဆင်းတုတော်တဆူတော့ လိုအပ်သည်။ ထိုအထဲ မိတ်ဆွေဘုန်းကြီးတစ်ပါးက အင်္ဂလန်လာပြီးပညာသင်ချင်သည်ဆိုလာ၍ ခေါ်စာပို့ပြီးတာနဲ့ မြန်မာနိုင်ငံမှ လိုချင်တာမှာပါဆိုလို့ ကျောက်ဆင်းတု တဆူဆူပူဇော်ဖို့ရန် မှာလိုက်သည်။ မှာတုန်းကတော့ (၅) ပေလောက်ရှိတဲ့ဆင်းတုကို မှာတာပါဘဲ။ မိတ်ဆွေဘုန်းကြီး ဦးက၀ိန္ဒသိရီရဲ့ ဆရာဘုန်းကြီးတပါးက ဥရောပမှာကိုးကွယ်မယ်ဆိုရင် ဘုရားဆင်းတုတော်ကြီးကြီး ကိုးကွယ်တာ ပိုကောင်းတာပေါ့ဟုအကြံပေး၍ ဦးက၀ိန္ဒကလည်း ဘုရားရှင်၏ သက်တော် (၈၀) ကို ရည်မှန်းပြီး လက်မ (၈၀) အမြင့်ရှိ ဆင်းတုတော်ကြီးကိုမှာလိုက်သည်။ ဘုရားကြီးတော့ ပူဇော်ဖို့မှာပြီးပြီ။ ငွေကြေးက မပြည့်စုံသေး တပည့် မောင်ထွန်းထွန်းနဲ့ တိုင်ပင်ပြီး ၀ါတာလူးကျောင်းမှာ ပဌာန်းလာရွတ်သူ မြန်မာလူငယ်များရဲ့အလှူငွေ ရသလောက်နဲ့ မိမိတို့မှာ ရှိသမျှလေးတွေစုပြီး ဘုရားဆင်းတုတော်ဖိုးကို ပို့ပေးလိုက်သည်။

ဆင်းတုတော်ကြီးကို (၃) လ နှင့် အပြီးထုဖို့မှာလိုက်သည်။ ၀ါမဆိုခင် ကျောင်းသစ်ရမည်ထင်၍ မှာခြင်းဖြစ်သည်။ အစစအရာရာ အဆင်မပြေသည်မို့ တသန်းကုန်ကျမည့် Project ကြီးနဲ့လည်း ဝေးလေပြီ။

ဘုရားဆင်းတုတော်ကြီး အကုန်ပြီးစီးနေပြီမို့ လန်ဒန်ကိုသယ်ဖို့ရန်သာ ရှိတော့သည်။ ထားဖို့ရန်နေရာက မရှိသေး။ ဒီအထဲ ဘုရားဆင်းတုတော်ကြီးက သိပ်ကြီးနေလို့ ဘာဘာညာညာ ပူနေသူများလည်းရှိနေသည်။ သယ်ယူဖို့ စရိတ်ကလည်း မရှိသေးလို့ တွေးရခက်ကြီး ဖြစ်နေသည်။ အပူတကာ့ အပူဆုံးကတော့ အများကြီးပွားရေးကို အနှောက်အယှက်ပေးလိုသူများ၏ရန်မှ လွတ်မြောက်ရေးပင်ဖြစ်သည်။ ဘယ်နည်းနဲ့ရောက်ရောက် အဓိကပင်ဖြစ်သည်။ ရောက်ပြီးမှ ကျန်တာကိုဆက်လက်လုပ်ဆောင်မည်ဟု ဆုံးဖြတ်ထားသည်။ မိတ်ဆွေဘုန်းကြီး ဦးပေါမောက္ခရဲ့ အကူအညီဖြင့် မှန်းထားသည်ထက် သက်သာသော သယ်ဖို့ခ လန်ဒန်အရောက် ဒေါ်လာ (၁၂၀၀) ဖြင့် ဘုရားကြီးကြွရောက်လာပြီ။ သီတင်းသုံးစရာကျောင်းတော်မရှိသေး။

လက်လမ်းမှီရာ ဟိုဟိုဒီဒီက လှူလာသော အလှူငွေလေးနဲ့ ကျောင်းမရခင် ခေတ္တခဏ ဆင်းတုတော်ကြီးထားဖို့ရန် Garage ကို တရားလာထိုင်သူ Mrs Debbie ၏ အကူအညီဖြင့် ဈေးသက်သာသော နေရာကိုရှာတွေ့၍ စိတ်မောပြေရသည်။ (၇) လသာကြာသွားသည် ကျောင်းရှာမတွေ့၊ ဘုရားကြီးနှင့် သင့်တော်မည့် နေရာကလည်း အင်မတန်ရှာမှရှား၊ ရှာဖွေလေ ဝေးသွားလေဖြစ်နေသည်။ အိမ်ပေါင်း (၄၀) ခန့် ရှိမည်ထင်သည်။ လန်ဒန်မြို့ရဲ့ အရှေ့တောင်နေရာများတွင်ရှာသည်။ နေရာတွေ့ပြန်တော့လည်း ဈေးကမတည့်၊ ဈေးတည့်ပြန်တော့လည်း ဂေါပကများက လက်နှေးနေကြပြန်သည်။ တော်ရုံတန်ရုံ Estage Agent ပင် လက်လျော့လာသည်။ ဒီအထဲနေရာအငြင်းပွားနေပြန်သည်။ စိတ်ဆိုးစိတ်ပျက်သူတွေတောင်ရှိလာသည်။ နေရာကရှာမတွေ့သေး၊ နောက်ဆုံး ကိုယ့်အားကိုယ်ကိုး၍ အင်တာနက်မှာ ရှာလိုက်သည်။ တွေ့ပြီ ကျောင်းသစ်နေရာ၊ ကိုယ့်မြန်မာတွေအများဆုံးနေတဲ့နေရာနဲ့ အနီးဆုံး နေရာလည်းဖြစ်၊ ဘုရားကြီးအတွက်လည်း ပထမဦးစားပေးပြီး ရွေးရသည်မို့ မဆိုးလှသော်လည်း သိပ်အကြိုက်ကြီးတော့ မဟုတ်ပေ။ ကြိုက်ခြင်းမကြိုက်ခြင်းထက် သင့်တော်ခြင်းကို ဦးစားပေး၍ ထိုနေရာကိုပင် ကျောင်းသစ်အမြန်ဆုံးအကောင်အထည် ပေါ်အောင်လုပ်ရတော့သည်။ ကျောင်းသစ်ဖြစ်ပေါ်ရေးအတွက် လိုအပ်သော အကူအညီများကို တတ်နိုင်သလောက်
ဝိုင်းဝန်းအားပေးကြသည်ကိုတွေ့ရ၍ ဘယ်အရာမဆို မိမိတတ်နိုင်သည့်ဘက်မှ ၀ိုင်းဝန်းကူညီခြင်းသည် အောင်မြင်မှုနှုန်းကို မြန်ဆန်စေသည်ဟု သဘောပေါက်မိသည်။ အကြံဥာဏ်ကောင်းများလည်းပေးကြသည်။ အကြံကောင်းကိုရလျှင် မပင်ပန်းရဘဲ အချိန်တိုအတွင်း အကျိုးရလာဒ်များ လျှင်မြန်စွာရနိုင်သည့် သာဓကကိုလည်း သက်သေအဖြစ် ပြသသလိုဖြစ်နေသည်။

၂၀၀၂ ဒီဇင်ဘာ ၁၉ ရက်မှာကျောင်းသစ်ရသည်။ မြတ်စွာဘုရားဆင်းတုတော်ကြီးကို မြန်မာနိုင်ငံမှ ပင့်ထားရသည်မို့ နတ်များကလည်း မြန်မာတွေနှင့် နီးတဲ့သည်နေရာမှာ သီတင်းသုံးတော်မူပါဟု ညွှန်ပြနေသလိုဖြစ်နေသည်။ ထူးသောအချိန်မှာ ထူးအောင်လုပ်မည်ဟူသော ရည်ရွယ်ချက်ဖြင့် သုံးရက် သုံးလ နှစ်ထောင့်သုံးမှာ မယာဇေယျသုခ အောင်မြင်ချမ်းသာ ဘုရားကြီး အပရာဇိတပလ္လင်တော်ပေါ်ပင့်ဆောင်ခဲ့သည်။ အခက်အခဲတွေတော့ရှိခဲ့သည်။ ဘယ်အရာမဆို လွယ်လွယ်ကူကူ မရနိုင်သဖြင့် ၀ိရိယပါရမီကို ဖြစ်စေသည်။ အခက်အခဲတွေကို ကျော်လွန်ပြီးတဲ့အခါ အောင်မြင်မှုတွေက တန်းစီနေသည်။ အောင်မြင်မှုကို လူတိုင်းက ကြိုဆိုကြသည်။ အောင်မြင်ခြင်း၏ နောက်ကွယ်မှာ ချမ်းသာမှုအပေါင်း ထောင်သောင်းရှိနေသည်။ အောင်မြင်ခြင်းသည် ကိုယ်ရောစိတ်ပါ ချမ်းသာမှုကို လိုလားတောင့်တနေကြသော လောကသားတို့၏ အားထားမှီခိုရာ အရိပ်အာဝါသတခုသဖွယ်ပင် မဟုတ်ပါလား။

အရှင်ဥတ္တရ

Share and Enjoy:
  • Print this article!
  • Digg
  • del.icio.us
  • Facebook
  • Google Bookmarks
  • Technorati

Leave a Reply

(required)

(required)